မြ၀တီတိုက်နှင့် မဟာဗောဓိဗိမာန်တော်ကြီးသမိုင်း
၁၃၄၁ ခုနှစ်တွင် ဆရာကြီး ၂ ပါးသည် တပည့်သီလရှင် ၁၂ ပါးနှင့်အတူ မုံရွာမြို့အရှေ့လယ်တီ ဓမ္မမေဒနီတိုက်ကြီးမှ မန္တလေးမြို့သို့ စာသင်တိုက်တည်ထောင်၍ သာသနာပြုရန်အတွက် ကျေးဇူးတောင်ရှင် မဟာဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကိုခံယူရာ ဆရာတော်ဘုရားကြီးမိန့်တော်မူသည်မှာ "သီလရှင်တို့ မန္တလေးမှာ ရှေးကပြုခဲ့ဘူးသော ကောင်းမှုများရှိသည်။ ၀ါဆိုဦးမှာ မြေနေရာအလှူရှင်ပေါ်မည်။ မန္တလေးသွားပြီး သာသနာပြုကြ၊ သို့သော် အဲဒီနေရာက သီလရှင်တို့နေရာမဟုတ်သေးဘူး။ သီတင်းကျွတ်ပြီးရင် သီလရှင်တို့နေရာမှန် ရလိမ့်မည်။ အဲဒီနေရာ အကျယ်ကြီးပါ၊ အဲဒီနေရာရောက်တော့ မြ၀တီတိုက်ဟု ဆိုင်းဘုတ်တင်ပါ" ဟုမိန့်တော်မူရာ ဆရာကြီးနှစ်ပါးက မြ၀တီသီလရှင်စာသင်တိုက်ဟု ဆိုင်းပုဒ်တင်ရန်လျှောက်ထားရာ "အများပေးသော သီလရှင်စာသင်တိုက် အလိုလိုရလိမ့်မည်" ဟု မိန့်တော်မူပြန်ပါသည်။
၁၃၄၁ ခုနှစ် ၀ါဆိုလဆန်း၊ ကျွဲဆည်ကန်ရပ် ကံတက်မင်းဘုရားအနောက်ဖက် တစ်ဧကခန့်ရှိ မြေနေရာကို ဦးဗိုလ်လှ မိသားစုမှလှူဒါန်းရာ ထိုနေရာ၌ တစ်ဝါတွင်းသီတင်းသုံးပြီး တန်ဆောင်မုန်းလတွင် မဟာဝိဇိတာရာမတိုက် ရတနာကြည်ညွှန့်ကျောင်းဆရာတော် ဦးသာသနမှ ယခုမြ၀တီတိုက်နေရာကို ချီးမြင့်တော်မူ၍ နေထိုင်ခဲ့ကြပါတယ်။ ထိုနေရာ ကန္တာရပင်နှင့် ချုံများကို ရှင်းလင်းပြီး ရေမီးမပြည့်စုံ၍ မိုးကုတ်ဆရာတော် ဦးသုမနမှ ရေမီးများ ထောက်ပံ့ကုသိုလ်ပြုခဲ့ပါသည်။ ချိုးရေအတွက် ပုသိမ်ကျောင်းရေတွင်းနှင့် ဒေါ်တင်ဦး ရွှေလ၀င်ရေစက်တို့မှ ကုသိုလ်ပြုသဖြင့် အဆင်ပြေခဲ့သည်။
၁၃၅၆ ခုနှစ်တွင် ဆရာတော်မိန့်တော်မူချက်အရ မဟာဗောဓိဗိမာန်တော်ကြီး စတင်တည်ဆောက်ရာ ဗိသုကာ ဦးဖေသန်းမှ ကျောင်းပုံရေးဆွဲခြင်းနှင့် ဗိမာန်တော်ကြီးတစ်ခုလုံး ကြီးကျယ်ခိုင်ခန့် သပ်ရပ်သေချာအောင် (ကုသိုလ်ဖြစ်) ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါသည်။
မြ၀တီသီလရှင်စာသင်တိုက်၊ မန္တလေးမြို့။







